Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 11, 2010

အလွန်ဝရင်ဘာဖြစ်တက်သလဲ

ဝရင် မကောင်းဘူး ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘာတွေမကောင်းတာလဲ၊ ဘာရောဂါတွေ ၀င်လာနိုင်သလဲ ဆိုတာကို တိတိကျကျ သိကြစေဖို့ ၀ခြင်းရဲ့ အကျိုးဆက် ရောဂါများကို ဖော်ပြပေးလိုက်ပါတယ်။ဝတယ်ဆိုတာ ခန္ဓာကိုယ်မှာ အဆီတစ်သျှူး ထုထည်ပမာဏ ပိုလျှံနေတဲ့ အခြေအနေလို့ သတ်မှတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အဆီထက် ပိုလျှံနေလားဆိုတာ သိနိုင်တဲ့ နည်းတွေထဲက အကျယ်ပြန့်ဆုံး သုံးကြတဲ့ နည်းကတော့  ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့တဲ့ Body Mass Index (BMI) ဖြစ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အရပ်နဲ့ အချိုးချတဲ့ နည်းဖြစ်ပါတယ်။ အလွယ်တကူ တိုင်းကြည့်နိုင်အောင် ဇယားလေး ဖော်ပြပေးထားပါတယ်။

ဒီနေရာလေး  မှာသွားပြီးသင့်ရဲ့ကိုယ်အလေးချိန်နဲ့ကျန်းမာရေးဟာဘယ်လိုဖြစ်နေလဲဆိုတာသွားရောက်
ကြည့်ရှု့လိုက်ပါ..........။

အကြမ်းဖျဉ်းအားဖြင့် BMI 30 ကျော်သူများဟာ အ၀လွန်သူများ ဖြစ်ပြီး အောက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တစ်ခုမက ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ဖော် ကြေငြာထားပါတယ်။
(၁)အင်ဆူလင်ဟော်မုန်း မတိုးတော့ခြင်းနှင့် ဆီးချိုရောဂါ
အ၀လွန်သူတွေဟာ သကြားဓာတ် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်းပိုင်းဆိုင်ရာမှာ ပြဿနာတွေ ရှိလာပါတယ်။ ထွက်တဲ့ အင်ဆူလင်ဟော်မုန်းက မော်လီကျူးတည်ဆောက်ပုံ မမှန်တော့လို့၊ ဒါမှမဟုတ် ထွက်တဲ့ပမာဏ နည်းသွားလို့၊ လုံးဝကိုမထွက်တော့လို့၊ ထွက်တော့လဲ ဆဲလ်တွေရဲ့ အင်ဆူလင် အာရုံခံ (Receptors) တွေက အင်ဆူလင်ကို sensitize မဖြစ်တော့လို့ (မသိတော့လို့) ဆီးချိုရောဂါ ဖြစ်လာပါတယ်။ ၀လေလေ ပိုနီးစပ်လေပါပဲ။ တခြားနေရာတွေက အဆီတွေထက် ဗိုက်က အဆီတွေက ပိုမိုဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။

(၂)မျိုးဆက်ပွားကျန်းမာရေး ပြဿနာ
အရမ်းအ၀လွန်တဲ့ အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ နိမ့်ကျလာခြင်း (Hypogonadsim) ခံစားလာရတတ်ပါတယ်။ ရင်သားတွေလဲ မိန်းမတွေလို ကြီးလာတတ်ပါတယ်။အမျိုးသမီးတွေမှာကျတော့ ရာသီစက်ဝန်းဆိုင်ရာ ပြဿနာမျိုးစုံ နဲ့ ကလေးအရခက်ခြင်း တွေဖြစ်နိုင်ပါတယ်။

(၂)နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာ
အ၀လွန်သူတွေမှာ သွေးတိုးရောဂါဟာ သေချာပေါက်နီးပါး ဖြစ်ပါတယ်။ သွေးတိုးကြောင့် ကြာရင် လေလဲ ဖြတ်နိုင်ပါတယ်။ သွေးတွင်းအဆီမြင့်မားလာခြင်း နဲ့ အဲဒီအဆီတွေကြောင့် သွေးကြောနံရံတွေ မာခေါက်အဆီပိတ်ခြင်း ဖြစ်လာပြီး လူတိုင်းကြောက်တဲ့ အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိတဲ့ နှလုံးသွေးကြောပိတ်ရောဂါ (Ischaemic Heart Disease) ဖြစ်လာနိုင်ပါတယ်။

(၃)သွေးနှင့်ဆိုင်သော ပြဿနာများ
သွေးခဲခြင်းကို အားပေးတဲ့ ဓာတုပစ္စည်းများ (Factor VII and X) ကို သွေးထဲမှာ ပုံမှန်ထက် များပြားလာစေပါတယ်။ ဒါကြောင့် အလိုလိုနေရင်း ကိုယ်တွင်းသွေးခဲပိတ်ခြင်း တွေ ဖြစ်လာနိုင်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ နှလုံးသွေးကြောပိတ်ရောဂါနဲ့သာ တွဲဖြစ်လိုက်ရင်တော့ နှလုံးကြွက်သားတွေ အောက်စီဂျင်မရလို့ ပုပ်ဆွေးသွားခြင်း (Myocardial Infarct) ထိအောင်ဖြစ်ပြီး အသက်ဆုံးနိုင်ပါတယ်။

(၄)အစာအိမ်အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ ပြဿနာများ
သည်းခြေအိတ် ကျောက်တည်ခြင်းဟာ အ၀လွန်သူတွေမှာ အတွေ့ရဆုံး ရောဂါတစ်ခု ဖြစ်ပါတယ်။ BMI များလေလေ ဖြစ်ဖို့အခွင့်အလမ်းလဲ များလေလေလို့ သိရပါတယ်။အသည်းမှာလဲ အဆီဖုံးနိုင်ပါတယ်။ ဒါကြောင့် အဆီဖုံးအသည်းရောင်ရောဂါ နဲ့ အသည်းခြောက်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။ (အ၀လွန်ရင် အရက်မသောက်ပဲနဲ့လဲ အသည်းခြောက်နိုင်ပါတယ်)နောက်ပြီး ၀မ်းဗိုက်တွင်းဖိအားက နှစ်ရှည်လများ များနေတဲ့အတွက် အူကျခြင်း၊ အူကျွံခြင်းတွေ မျိုးစုံလဲ ဖြစ်နိုင်ပါတယ်။ ၀မ်းဗိုက်အဆီများကြောင့် အသက်ကြီးရင် ဆီးဝမ်းထိန်းရခက်လာတာတွေ၊ ထွက်ကျတာတွေ ဖြစ်လာတတ်ပါတယ်။အစာအိမ်ထဲက အက်ဆစ်တွေက အပေါ်ဘက်ကို ပြန်ကန်တက်တတ် တဲ့အတွက် ရင်ခေါင်းပူတဲ့ အစာမကြေရောဂါလဲ ဖြစ်တတ်ပါတယ်။ပုံမှန်နေနေချိန်မှာလဲ ၀မ်းတွင်းခြား အကန့်နံရံ (Diaphragm) ဟာ အ၀လွန်ရင် အပေါ်အဆုတ်ရှိရာဘက်ကို တင်းနေတတ်တဲ့အတွက် မောပန်းလွယ်စေပါတယ်။



(၅)အသက်ရှူလမ်းကြောင်း ပြဿနာများ
Obesity Hypoventilation Syndrome လို့ခေါ်တဲ့ အ၀လွန်လေ၀င်နည်းရောဂါစု ဖြစ်နိုင်ပါတယ်။ အိပ်ရင်လဲ အရမ်းဟောက်တတ်ပါတယ်။ (ဟောက်တတ်ခြင်းဟာ ကျန်းမာရေးကို ကောင်းစေတယ်လို့ လာပြောရင် လုံးဝမယုံပါနဲ့။ လုံးဝမဟုတ်ပါ။ ဟိုတလောကဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရလို့ ပြောတာပါ)
ပြီးတော့ အဆုတ်သွေးဖိအားများခြင်း (Pulmonary Hypertension) နဲ့ နှလုံးညာဖက်အခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း (Right Ventricular Failure) ကြာရင် ၀င်လာနိုင်ပါတယ်။

(၆)အရိုးအဆစ်နှင့် အရေပြားပြဿနာများ
ဝလွန်းတော့ အလေးချိန်များလှတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ထားရတဲ့ ဒူးခေါင်းလို အဆစ်မျိုးတွေမှာ အရိုးပွန်းအဆစ်ရောင်ရောဂါ ဖြစ်လာတတ်ပါတယ်။ ရောင်ရင်း ရောင်ရင်း ကြာလာတော့ အဆစ်က ပုံပါပျက်တတ်ပါတယ်။အ၀လွန်ရင် ယူရစ်အက်ဆစ်ပမာဏ ပိုမိုများနေတတ်တာ ယေဘုယျအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ ဖြစ်လာနိုင်ပါတယ်။အရေပြားအနေန့လဲ ယားနာမျိုးစုံ သူများတွေထက်စာရင် ပိုဖြစ်လွယ်တာ တွေ့ရမှာပါ။

(၇)ကင်ဆာရောဂါများ
အ၀လွန်ရင်………….
ယောက်ျားတွေမှာ အစာရေမြိုကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ…………။မိန်းမတွေမှာ သည်းခြေအိတ်ကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ နဲ့ သားဥအိမ်ကင်ဆာ………..တို့ ဖြစ်လာနိုင်ပါတယ်။

(၈)အာရုံကြောဆိုင်ရာ ပြဿနာများ
အဆီတွေက အာရုံကြောတွေထဲကို ထိုးဖောက် ၀င်ရောက်တဲ့အတွက် ခြေလက် အကြောမသန်ခြင်း၊ အကြောသေခြင်း နဲ့ ခဏခဏ ခေါင်းကိုက်ခြင်း တို့ ခံစားရနိုင်ပါတယ်။

(၉)ခွဲစိတ်ခြင်းမှပြဿနာများ
အ၀လွန်သူတွေဟာ ခွဲစိတ်ဖို့ ကြုံလာခဲ့ရင် ရိုးရိုးလူတွေထက် ပိုပြီး မေ့ဆေးသုံးရတဲ့အတွက် မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမိုခံစားရဖို့ သေချာသလောက်ပါပဲ။ အ၀လွန်သူတွေဟာ ခွဲစိတ်ပြီးနောက် ဒဏ်ရာပိုးဝင်ခြင်း (Post-operative Infection) ဖြစ်နိုင်စွမ်းလဲ သိသိသာသာ မြင့်မားကြောင်း တွေ့ရှိရပါတယ်။

(၁၀)ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပြဿနာများ
ဖြစ်နိုင်တာတွေကတော့………
ကိုယ်ဝန်ဆောင်သွေးတိုးခြင်း
လမစေ့ဘဲ မွေးခြင်း
ကလေးက ဆုံပိုင်းကျနေခြင်း
ခွဲမွေးရန်၊ ညှပ်ဆွဲမွေးရန် ပိုမို နီးစပ်ခြင်း
မွေးလမ်းကြောင်း ချဲ့ထားသော ဒဏ်ရာမှ ပိုးဝင်လွယ်ခြင်း
အိပ်ရာပေါ်နေစဉ်အတွင်း ခြေသလုံးသွေးကြောကြီးများ ပိတ်တတ်ခြင်း
မွေးလာသော ရင်သွေးတွင် ခါးရိုးထဲမှ အာရုံကြောမကြီး ထွက်၍ မွေးလာတတ်ခြင်း စတာတွေ ဖြစ်ပါတယ်။

(၁၂)စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ
ဝခြင်းကြောင့် အလှပျက် သောကရောက်ရခြင်း၊ စိတ်ဖိစီးလွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် လူမှုရေး နစ်နာမှုများ ရှိလာခြင်း၊ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာ၍ ၀င်ငွေထိခိုက်နိုင်ခြင်း စတဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ခံစားရနိုင်တာ အားလုံးအသိပါပဲ။

(၁၃)အသက်တိုနိုင်ခြင်း
အထက်မှာ ဖော်ပြခဲ့တဲ့ အ၀လွန်ခြင်းရဲ့ များပြားလှတဲ့ ဆိုးကျိုးတွေကြောင့် အ၀လွန်သူတွေဟာ သာမန်သက်တမ်းထက် အနည်းငယ် ပိုတိုတတ်တယ်ဆိုတာ စာရင်းဇယားများအရ သိရပါတယ်။
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger